" သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်၏ ကုသမှုမှတ်တမ်း "
( ၂၉ ) ကြိမ်မြောက်ဖွင့်လှစ်ကုသခြင်း

          ( ၂၉ ) ကြိမ်မြောက် အခမဲ့မျက်စိကုအစီအစဉ်ကို ( ၂၅-၉-၂၀၁၅ ) ရက်နေ့မှ ( ၂၈-၉-၂၀၁၄ ) ရက်နေ့ထိ ၄-ရက်တိုင် ကုသပေးခဲ့ရာ မျက်စိဝေဒနာရှင်ပေါင်း ( ၆၈၄ ) ဦးကို စမ်းသပ်စစ်ဆေးပေးပြီး မျက်စိဝေဒနာရှင်ပေါင်း (၁၁၈) ဦးကို အောင်မြင်စွာခွဲစိတ်ကုသပေးခဲ့ပါသည်။
          (၂၂-၃-၂၀၀၈ ) ရက်နေ့မှ ( ၂၈-၉-၂၀၁၄ ) ရက်နေ့ထိ ( ၂၉ ) ကြိမ်တိုင်အောင် ဖွင့်လှစ်ကုသပေး ခဲ့ရာ မျက်စိဝေဒနာရှင်ပေါင်း ( ၁၄၉၂၇ ) ဦးကို စမ်းသပ်စစ်ဆေးပေးပြီး မျက်စိဝေဒနာရှင်ပေါင်း (၃၀၂၄ ) ဦးကို အခမဲ့ကုသိုလ်ဖြစ် ခွဲစိတ်ကုသပေးပြီးဖြစ်ပါသည်။
          ( ၂၉ ) ကြိမ်မြောက် ဖွင့်လှစ်ကုသရာတွင် သီတဂူဆရာတော်ကြီး ကိုယ်တော်တိုင်ကြွရောက်၍ တရားဒေသနာများကို ဟောကြားချီးမြှင့်တော်မူသည့်အပြင် ( ၃ ) ရက်တိုင်တိုင် သီတင်းသုံးနေထိုင်တော်မူ ၍ မေတ္တာဖြင့်စောင့်ရှောက်ကာ မျက်စိဝေဒနာရှင်များကို အားပေးကြည့်ရှုခဲ့ပါသည်။

          သီတဂူဆရာတော်ကြီးသည် ( ၂၄-၈-၂၀၁၄ ) ရက်နေ့ ၁၀-နာရီခန့်တွင် သီပေါမြို့ မဟာမြတ်မုနိ ဘုရားကြီးသို့ ရောက်ရှိလာရာ ရှမ်းရိုးရာအိုးစည်ဗုံမောင်း ကိန္နရီကိန္နရာများဖြင့် ဆရာတော်ကြီးကို ကြိုဆိုကြ ပါသည်။ ဘုရားကြီးဂန္ဓကုဋိရှေ့တွင် ဆရာတော်ကြီးက သြ၀ါဒချီးမြှင့်တော်မူ၍ တိုးနယား ကိန္နရီကိန္နရာတို့ က အကဖြင့် သီတဂူဆရာတော်ကြီးကို ပူဇော်ကန်တော့ကြပါသည်။

          မဟာမြတ်မုနိဘုရားကြီး ဂန္ဓကုဋိရှေ့တွင် သြ၀ါဒများချီးမြှင့်တော်မူပြီးနောက် တည်းခိုကျောင်းသို့ ကြွတော်မမူသေးပဲ မျက်စိဆေးရုံကို လှည့်ပတ်၍စစ်ဆေးကြည့်ရှုတော်မူပါသည်။

           ရောက်သည့်ညတွင်ပင် သီပေါမြို့သူ/သား အပေါင်းတို့အား တရားရေအေး တိုက်ကြွေးတော်မူပါ သည်။

          ရပ်ဝေးရပ်နီးမှ လာရောက်ကုသမှုခံယူကြသော မျက်စိဝေဒနာရှင်များကို ( ၂၅-၉-၂၀၁၄ ) ရက်နေ့ တွင် စမ်းသပ်စစ်ဆေးပေးပြီး ၎င်းနေ့ညတွင်ပင် ခွဲစိတ်ကုသပေးပါသည်။ ( ၂၆-၉-၂၀၁၄ ) ရက်နေ့တွင် ခွဲစိတ်ကုသပေးပြီးသော လူနာများနှင့် စမ်းသပ်စစ်ဆေးကြမည့် လူနာများကို သီတဂူဆရာတော်ကြီး ကိုယ်တော်တိုင် ဆေးရုံတွင်းသို့ ကြွရောက်၍ လူနာများကို မေတ္တာများဖြန့်ဝေကာ ကြည့်ရှုအားပေးတော်မူ ခဲ့ပါသည်။
          ( ၂၉ ) ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်အတွင်း သီပေါ မဟာမြတ်မုနိဘုရားကြီးကို ဘက်စုံမွမ်းမံပြင်ဆင်၍ ရွှေထီးတော်အသစ် တင်လှူပူဇော်ရန် ပြင်ဆင်နေချိန်နှင့် ကြုံကြိုက်နေပါသည်။ 
          ရွှေထီးတော်တွင် တင်လှူပူဇော်မည့် စိန်ဖူးတော်ကို သီတဂူဆရာတော်ကြီးက မူလအလှူရှင်၏ သဘောတူညီမှုရပါက လှူမည့်အကြောင်း မိန့်ကြားတော်မူပါသည်။

          မူလစိန်ဖူးတော်အလှူရှင်က ၀မ်းမြောက်စွာသဘောတူပါသဖြင့် စိန်ဖူးတော်ပင့်ဆောင်ရန် ဆရာတော်ကြီး သတင်းသုံးနေထိုင်တော်မူရာ အပြည်ပြည်ဆိုင်ရာ ၀ိပဿ    နာအကယ်ဒမီသို့ တပါတည်း လိုက်ပါသွားခဲ့ပါသည်။
         အပြည်ပြည်ဆိုင်ရာ ၀ိပဿ     နာအကယ်ဒမီသို့ ရောက်သည့်အခါ ဆရာတော်ကြီးက ကျောင်းတိုက် ကြီးအတွင်း ဆောင်ရွက်ထားရှိမှုများကို အသေးစိတ် သေချာကျနစွာ ရှင်းပြတော်မူ၍ ၀မ်းမြောက်စွာကြည် ညိုပီတိ ဖြစ်ခဲ့ရပါသည်။ စိန်ဖူးတော်ကို မည်သို့စီမံပြုလုပ်ထားကြောင်း ရှင်းပြတော်မူပြီး လှူဒါန်းပေးခဲ့သည် ကို ၀မ်းမြောက်ဝမ်းသာစွာဖြင့် အလှူခံပါကြောင်း မုဒိတာပွါးများနိုင်ပါရန် တင်ပြအပ်ပါသည်။
          သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် ( ၁ ) ကြိမ်မှ ( ၂၉ ) ကြိမ်တိုင် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို ဖွင့်လှစ်ကုသခဲ့ရာ မျက်စိဝေဒနာရှင်ပေါင်း (၃၀၂၄ ) ဦးကို အောင်မြင်စွာဖြင့် ကုသနိုင်ခဲ့ခြင်း မှာ ရပ်ဝေးရပ်နီးမှ ငွေကြေးအလှူရှင်များ၊ ပညာဒါနပြုကြသော မျက်စိအထူးကု ဆရာဝန်ကြီးများ၊ သီပေါမြို့မှ ပင်စင်စားဆေးရုံအုပ်ကြီးများ၊ သူနာပြုဆရာမများ၊ ဓါတ်ခွဲမှူးများ၊ သီပေါဘုရားကြီး၏ ရေကြည်တော် ၀တ်အသင်းသားများ၊ ကလျာဏယုဝတီဝတ်အသင်းသူများ၊ ဂေါပကအဖွဲ့၊ ဆေးရုံစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရစ်ယာန်လူငယ် မောင်မယ်များတို့က စေတနာမေတ္တာများဖြင့် ၀ိုင်းဝန်းကူညီ ကုသိုလ်ယူကြ၍ အောင်မြင် ခဲ့ခြင်းဖြစ်ပါကြောင်း ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
{သီတဂူဆရာတော်ကြီး၏ ( ၇၈ ) နှစ်မြောက် မွေးနေ့မင်္ဂလာကို ဤ( ၂၉ ) ကြိမ်မြောက် အခမဲ့ကုသိုလ်ဖြစ် မျက်စိကုသမှု အစီအစဉ်မှတ်တမ်းဖြင့် ပူဇော်ကန်တော့ပါ၏ဘုရား။}
သီတဂူသီပေါ။



0 comments:

Post a Comment

 
Top