"သီပေါမြို့၏ ပညာမိခင်ကြီး စ၀်မျိုးစစ် (SAO MYO CIT) ၏
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း။


       ရှမ်းပြည်နယ်မြောင်ပိုင်း သီပေါမြို့နယ်သည် ထင်ရှားကျော်ကြားပြီး ပညာတတ် အများ      ပေါ် ပေါက်သည့် ဒေသ တစ်ခုဖြစ်ပါသည်။ ပညာတတ် မျိုးဆက်သစ်များ ထူးချွန်သော ပုဂ္ဂိုလ်များ   ပေါ်ပေါက်ပြီး လူ့လောကအား အကျိုးပြုနိုင်ရန်၊ မေတ္တာစေတနာကြီးမားစွာ၊ ကြိုးပမ်းမွေး ထုတ် ပေးခဲ့သူ "သီပေါ၏ ပညာမိခင်ကြီး" ကား ဆရာမကြီး ဒေါ်စောမျိုးစစ် (စ၀်မျိုးစစ်) ပင်ဖြစ်ပါသည်။


 ပညာဥယျာဉ်မှူး ဆရာမကြီးအနေဖြင့်-အမျိုးမှန် အဖိုးတန်ကား-ရနံ့သင်းသင်း ရောင်စုံ အလှ ပန်းခင်းကြီး ဖူးပွင့်ဝေဆာရန် ရင်နှင့်အမျှ ပြုစုပျိုးထောင်ခဲ့သူ ဖြစ်ပါသည်။ ပညာရတနာ အမွေအနှစ်များကို ကုန်စင်အောင်ပေးဝေသော ဥယျဉ်မှူး မိခင်ကြီးတစ်ဦးအနေဖြင့် သက်ရှိ ထင်ရှားရှိနေဆဲ ယခုကာလ တိုင်အောင် မျိုးဆက်သစ်လူငယ်များအား မွန်မြတ်သော ပညာဒါန ပြု နေလျက်ပင် ဖြစ်ပါသည်။
    


 စ၀်မျိုးစစ် (ခ) ဒေါ်စ၀်မျိုးစစ်အား ၁၉၁၇-ခု ဒီဇင်ဘာလ (၁၈) ရက်နေ့တွင်၊ သီပေါမြို့နယ်-ရွာသစ်ကျေးရွာတွင်၊ မြို့ဝန်ကြီး စ၀်ခွန်မြတ်၊ မိခင် ဒေါ်နန်းနွံ တို့မှ မွေးဖွားသန့်စင်သော သမီး ရတနာတစ်ဦး ဖြစ်ပါသည်။ အသက် (၅) နှစ်အရွယ်တွင် သီပေါမြို့-မြို့လယ်ဓမ္မာရုံရှေ့ရှိ (ယခု-အမက -၇) မြန်မာကျောင်းတွင် ပညာစတင်သင်ကြားခဲ့ပါသည်။ ဆက်လက်ပြီး-အသက်(၉) နှစ် အရွယ်မှ အသက် (၂၀) နှစ်အထိ မေမြို့ (ယခု ပြင်ဦးလွင်) ရှိ၊ St. Joseph's Convent ကျောင်း တွင် ပညာဆက်လက် သင်ကြားခဲ့သည်။


  St. Joseph's Convent ကျောင်းတွင် ပညာသင်ကြားနေဆဲကာလ- ဂီတ အနုပညာပြိုင်ပွဲ တစ်ရပ်ကို စိန်ကျိုးဇက်ကွန်ဗင့်ကျောင်း များရှိရာ နိုင်ငံအသီးသီးမှ   ကျောင်းသူ/သားများဖြင့် မေမြို့   ကျောင်းတွင် ကျင်းပပေးခဲ့ရာ (London College of Music) ပြိုင်ပွဲတွင် ရွှေ ငွေ ကြေးတံဆိပ်များ ရရှိခဲ့ပြီး တယောပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးကာ လက်စွမ်းပြ တီးခတ်နိုင်သည်အထိ သီပေါမြို့ ၏ ဂုဏ်ရောင် ကို  တောက်ပြောင်စေခဲ့ပါသည်။

 
၁၉၃၇-ခုနှစ်မှ ၁၉၄၁-ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် အင်းလျားဆောင်တွင်နေကာ ဘွဲ့ရသည် အထိ ပညာသင်ကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှပင် ၁၉၄၆-ခုနှစ်တွင် (B.A) ဘွဲ့ရရှိခဲ့သည်။ (၁၉၉၆) ခုနှစ် ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင် အထိမ်းအမှတ်၊ အသက် (၇၅)နှစ်အထက်   ကျောင်း သား/ သူ ဟောင်းကြီးများအတွက်၊ ကျင်းပရေးဦးစီကော်မတီ နာယကမှ၊ ချီးမြင့်ပေးအပ်သော ဂုဏ်ပြုလွှာနှင့် အမှတ်တရပစ္စည်းများကို တာဝန်ရှိသူများကိုယ်တိုင် အိမ်တိုင် ယာရောက်ပေးပို့ခဲ့သဖြင့် လက်ခံရရှိခဲ့ သူ ဖြစ်ပါသည်။


ဆရာမကြီးသည် (၁၉၄၆) ခုနှစ် ဇန္န၀ါရီလ (၁) ရက်နေ့တွင် သီပေါ မူလတန်းကျောင်းတွင် အင်္ဂလိပ်စာပြ ဆရာမအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီး ပညာရေးလောကသို့ စတင်ဝင်ရောက် လာသူဖြစ် ပါသည်။ (၁၉၄၈) ခုနှစ် သီပေါမြို့ အစိုးရအထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီး အဖြစ် တာဝန်တိုးမြှင့်ပေးအပ်ခြင်း ခံရပြီးနောက် ၁၉၅၃-၅၄-ခုနှစ်တွင်၊ ဆရာမကြီးအနေဖြင့် (British Council Scholar) အဖြစ် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ ပညာသင်သွားရောက်ခဲ့ရပါသည်။ ပညာထူးချွန်သူ ဆရာမကြီးသည် လန်ဒန်တက္ကသိုလ်တွင် (Diploma in the Teaching of English as a Foreign Language) ပညာသင်ဆုကို နှစ်ခြင်းပေါက် ဆွတ်ခူးရရှိခဲ့ပါသည်။ တဆက်တည်းမှာပင် အင်္ဂလန်နိုင်ငံ   ဝေလနယ်တွင် ဝေလကျောင်းသူ/သား များအားလည်း (၂) လကြာမျှ အင်္ဂလိပ်စာ သင်ကြားပေးခဲ့ရ ပါသေးသည်။


 ၁၉၇၆- နှစ်တွင် ပညာရေးဌာနမှ အငြိမ်းစားယူခဲ့ပြီးသော်လည်း ပညာလိုလားသော လူငယ် လုရွယ်များ၊ ရဟန်းတော်များ၊ သီလရှင်များပါမကျန်၊ တနေ့လျှင် (၈) ကြိမ် (Grammar, Speaking, Phonetics) စသည်တို့ကို သင်ကြားပေးနေဆဲ ဖြစ်ပါသည်။


 အင်္ဂလိပ်စာ အရေးအဖတ်နှင့် အင်္ဂလိပ်စကားပြောတွင် ထူးချွန်ထက်မြက်ပြီး အဆင့်အတန်းပြည့် မီသော ပါရမီရှင်တစ်ဦးဖြစ်ပါသည်။ ရတနာသုံးပါး ကိုင်းရှိုင်းသူဖြစ်ပြီး စိတ်ထား ပြည့်ဝ မာန်မာနလုံးဝ မထား အဆင့်အတန်းမခွဲခြား စေတနာပြည့်ဝ နှလုံးလှဆရာမကြီး တစ်ဦးဖြစ် ပါကြောင်း တင်ပြရပါသည်။

                                                                                     
                                                                                            သီတဂူ သီပေါ။

1 comments:

  1. it is very nice to know about my first teacher in my life .. she's also my dad's teacher from young .. very nice, kind and good at teaching ... I want to be like her ..

    ReplyDelete

 
Top