သီပေါမြို့နယ်
တန်ခိုးကြွယ်သည့်
သပ္ပါယ်တုမရှိ
မြတ်မုနိ၏
ဘူမိမြေပြင်
တောင်ဖက်ခွင်မှာ
စီစဉ်ကျန
ဒါနစက္ခု
ဆေးရုံပြုလျက်
ဒေသတခွင်
အမြင်မရှင်း
အလင်းမရ
ဒုက္ခမျိုးစုံ
တွေ့ကြုံခံစား
မျိုးဆွေများကို
ဖယ်ရှားဒုက္ခ
အလင်းရအောင်
ယုယဖေးကူ
ရေးယူဖယ်ရှင်း
ပေးစွမ်းခြင်းကြောင့်
အလင်းဓါတ်ဖူးပွင့်ရာ
''အလင်းဥယာဉ်ကြီး'' ပါတကား။


တောင်စဉ်ထပ်ထပ်
မြောင်ခွင်ပတ်လျက်
ရေပတ်လည်ရံ
မြေနီကျံတွင်
သီးနှံစိမ်းစို
နဂိုနေသဘာဝ
စိုပြေလှသည့်
ဒေသအလှ
''မြင်တွေ့ခံစား
နိုင်စေသား'' ဟု
လုပ်အားငွေအား
မေတ္တာအားတို့
များပြားစုံစွာ
ကြိုဆိုကာဖြင့်
မြင်လွှာချို့ယွင်း
မျိုးခပင်းကို
အလင်းပေးအပ်
ပီတိမြတ်ဖူးဝေရာ
''အလင်းဥယာဉ်ကြီး'' ပါတကား။

သွားရေးလာရေး
ခက်ကြသေးသည့်
ဝေးခေါင်ချောင်ကျ
ရပ်ဒေသမှ
ဆွေစ မျိုးစ
မကင်းကြသည့်
မရအလင်း
လူခပင်းကို
ချစ်ခြင်းဇာတိ
မာန်ဟုန်ရှိသူ
ကြည်ဖြူသောသော
မြတ်မနောဖြင့်
''သတ္တောကာသ
လောကဖုံဖုံ
ရောင်စုံအလှ
ရှုကြည့်ကြ'' ဟု
ပေးရအလင်း
ရယူခြင်းထက်
ရင်တွင်းပီတိ
တအိအိဖူးပွင့်ရာ
''အလင်းဥယာဉ်ကြီး'' ပါတကား။


လမ်းဆိုးလမ်းမှန်
ဝေဖန်ခွဲခြား
ပြောကြားပေးတတ်
စက္ခုဓါတ်ချို့ယွင်း
လူခပင်းအား
ကြီးမားတန်ဖိုး
အလင်းမျိုးပေးအပ်
မြတ်နိုးပိုင်ပိုင်
လက်ကိုင်ရရှိ
မျိုးဥာတိတို့
ပီတိပန်းဖူးဝေရာ
''အလင်းဥယာဉ်ကြီး'' ပါတကား။



အိပ်နေယင် ည
နိုးက နေ့ ဟု
မတွေ့ထူးခြား
တသားတည်းမှောင်
အရောင်မရှိ
မှောင်အတိဝယ်
ယောင်တိယောင်န
ဘ၀ဆိတ်သုဉ်း
လူအားလုံးကို
မဆုံးစေချင်
''အမြင်အာရုံ
ရစေကုန်'' ဟု
သံဟုန်ရင့်ကျူး
''တမူးရလို့
တပဲလှူ
ဒို့ရှမ်းတောင်သူ
တူနိုင်ရိုးလား''
ဆိုစကားသက်သေ
ဆယ့်သုံးကုဋေငါးသန်း
ဒါနပန်းမျိုး
ကြိမ်ကြိမ်ပျိုးထောင်
အလင်းဆောင်၏
လူ့ဘောင်အလှ
မြင်လိုကြသည့်
တမ်းတအမြင်ပန်း
ပွင့်လန်းဖူးပွင့်ရာ
''အလင်းဥယာဉ်ကြီး'' ပါတကား။

တော၊ တောင်၊ ရေ၊ မြေ
လေးထွေအလှ
လယ်၊ ယာ လှနှင့်
အလှဝေဆာ
ရှမ်းပြည်မှာလျှင်
''စေတနာအလှ
ပို၍လှ''ဟု
ဒုဋ္ဌ၀တီ
မြစ်နဒီကား
ရေနီရဲရင့်
ရင်ကိုဖွင့်၍
မလင့်မနား
စီးသွားမြေပြန့်
သတင်းဖြန့်ပါ
အနှံ့ရေမြေ ဆုံးပါစေ။

ရင်စစ်ငြိမ်း (စစ်ကိုင်း)
စစ်ကိုင်း ဇေယျမင်္ဂလာချောင် အရှင်ကောမုဒိဝရမှ ရေးသားသီကုံးပါသည်။

0 comments:

Post a Comment

 
Top