သီပေါမြို့ မဟာမြတ်မုနိ ရင်ပြင်တော်ရှိ
ဝိဇယမာန်အောင် ကြေးစေတီတော်

သမိုင်းအကျဉ်း
          သီပေါစော်ဘွားကြီး ဆာစောချယ်သည် ၁၂၈၆ - ခုနှစ် တန်ခူးလတွင် စခန်းသာမြို့ စေတီဂီရိတောင်ထိပ် ယခင်တည်ထားသော ၀ါဠုကရှေးဟောင်းစေတီ ကို ငုံ၍ ရှစ်ထောင့် ကြေးစေတီတော် တည်ဆောက်လှူဒါန်းလိုသဖြင့် သီပေါ ၊ သုံးဆယ် ၊ မိုင်းတုံ ၊ မိုင်းလုံ လေးမြို့နေ နယ်သူနယ်သားများကို အလှူပါဝင်စေရာ ကြေးချိန် ၂၄၃၅ -ပိဿာခန့် ရရှိခဲ့ပါသည်။


ကြေးစေတီမူလဘုရားဒါယကာကြီး စော်ဘွားကြီး ဆာစောချယ်
          ကြေးစေတီ သွန်းလုပ်ရန် မန္တလေးတောင် ရသေ့ကြီး ဦးခန္တီထံအပ်နှံပြီး    မန္တလေးတောင်ပြင် (တမ္ပ၀တီ) မှ ပန်းတဉ်းဆရာများကို သွန်းလုပ်စေသည်။ ထိုအချိန်တွင် စော်ဘွားကြီး ကွယ်လွန်သွားသဖြင့် သားတော် စောအုံကြာ (M.A) က ဆက်လက်တာဝန်ယူ ဆောင်ရွက်သည်။ လက်ခငွေ ၇၀၀၀ိ/ ကျော်ကုန်ကျပါသည်။
          စေတီတော်သည် ၀န်ချိန်အလွန်လေး၍ သယ်ဆောင်ရလွယ်ကူစေရန် အဆင့်ဆင့်လုပ်ဆောင်ရပါသည်။

အလေးချိန်စာရင်း
၁ ။ ပထမ ပစ္စယံ ကြေးချိန်                                                      ၂၃၈၃ ပိဿာ
၂ ။ ဒုတိယ               ။                                                           ၇၁၀       ။
၃ ။ သပိတ်မှောက် ကြေးချိန်                                                      ၆၂၄       ။
၎ ။ ငှက်ပျောဖူး ကြေးချိန်                                                          ၃၄၈       ။
၅ ။ အပေါက်အပဲ့ဖာသော ကြေးချိန်                                               ၄၅       ။
၆ ။ ကြေးချောင်းမှိုချိန်                                                                ၅၁       ။
၇ ။ အရောင်ထွက်ရန် စပ်သော သွပ်ချိန်                                      ၁၉၄၂       ။
                                               
                                                  စုစုပေါင်း                           ၆၁၀၃  ပိဿာ

          စေတီတော်တင်ရာ ပန်းတင်ခုံ ခေါ် ဘိနပ်တော်မှာ ကျောက်မြစ်ချ၍ ၀ါဠုက စေတီတော်ဟောင်းကို အတွင်းထားပြီး ခွင်ကျအောင် သီပေါမြို့အင်ဂျင်နီယာ အမတ် ဦးသူတော်ကို ဦးစီးဆောင်ရွက်စေသည်။
          မန္တလေးမြို့မှ စခန်းသာမြို့သို့ စေတီတော်ကို ရထားဖြင့် ပင့်ဆောင်ပြီး စေတီယဂီရိတောင်ထိပ်ရှိ အသင့်လုပ်ပြီး ဘိနပ်တော် ပန်းတင်ခုံသို့ ၀ါဠုကစေတီ ဟောင်းကိုငုံ၍ အဆင့်ဆင့် တည်ထားခဲ့ပါသည်။
သက္ကရာဖ် ၁၂၉၆ - ခု ကဆုန်လဆန်း (၁၄) ရက်တွင် ယန္တရားစက်ကြိုးနှင့် ထီးတော်တင်ကာ ၁၂၉၆ - ခု ကဆုန်လဆန်း (၁၅) ရက် လပြည့်နေ့တွင် ဆရာတော် သံဃာတော်များနှင့် အနေကဇာ တင်လှူခဲ့ပါသည်။ စေတီတော်ကြီးအား "၀ိဇယ မာန်အောင် ကြေးစေတီ" ဟု ဘွဲ့တော် ဆက်ကပ် ခဲ့ပါသည်။


ယခု ကြေးစေတီ
          အချိန်ကာလကြာမြင့်ပြီး စေတီယဂီရိတောင်သည် တောခေါင်၍ စောင့်ရှောက် သူကင်းဝေးလာသဖြင့် စခန်းသာပြောင်ခေါင်းဒိုင် ပိန္နဲကုန်းကျောင်း ဆရာတော် ဦးဝိမလက သီပေါလေးမြို့ ဂိုဏ်းချုပ်ဆရာတော်အမှူးရှိသော ဆရာတော် သံဃာ တော်များ ၊ ဋ္ဌာနဆိုင်ရာများနှင့် ညှိနှိုင်းတိုင်ပင်၍ သီပေါမြို့ မဟာမြတ်မုနိ ဘုရားကြီး ပရ၀ုဏ် တနင်္ဂနွေဒေါင့်သို့ ၁၃၃၁ - ခု တပို့တွဲ လပြည့်ကျော် (၈) ရက်နေ့တွင် ပင့်ဆောင်ခဲ့ပါသည်။
          ၁၃၃၃ - နတ်တော်လဆန်း (၁၄) ရက် (၁- ၁၂- ၇၁) ဗုဒ္ဓဟူးနေ့တွင် ပန္နက်တင် အုတ်မြစ်ချ မင်္ဂလာ ကျင်းပခဲ့ပါသည်။
          ၁၃၃၅ - ခု ကဆုန်လဆန်း (၁၄) ရက် (၁၅- ၅- ၇၃) အင်္ဂါနေ့ မွန်းတည့်     ၁၂ - နာရီတွင် ထီးတော်နှင့် ဘော်သား ဟင်္သာ စိန်ပန်းခိုင် ငှက်မြတ်နား ရတနာ စီချယ်သော စိန်ဖူးတော်တို့ကို တင်လှူပြီးစီးခဲ့ပါသည်။
          ယခုလက်ရှိ ဖူးမြင်ရသော ကြေးစေတီတော်မှာ ယခင်ထီးတည်း ဖြစ်နေသော ကြေးစေတီတော်ကို အခြံအရံ ဂြိုလ်တိုင်ရှစ်တိုင် ဂြိုလ်ပြေနံပြေဘုရားတို့ဖြင့် ၁၃၆၆-ခု ပြာသိုလဆန်း        (၁၁)   ရက် ကြာသပတေးနေ့ (၂၀- ၁- ၂၀၀၅) ခု နံနက် ၉ - နာရီ တွင် ပန္နက်တင်မင်္ဂလာပြု၍ မဟာမြတ်မုနိ ဘုရားကြီး အကျိုးတော်ဆောင် အရှင်ပညာသိရီနှင့် ဒါယကာ ဒါယိကာများမှ အသစ်တဖန် တည်ဆောက် လှူဒါန်း ထားပါသည်။
           ကြေးဆင်းတုတော်များကိုသာ ဥာဏ်တော်ကြီးမားစွာ သွန်းလောင်းလေ့ ရှိသဖြင့် ဤမျှထုထည်ကြီးမားပြီး အချိုးအစားလှပသော "၀ိဇယ မာန်အောင် ကြေးစေတီတော်" သည်  မြန်မာနိုင်ငံတွင် အကြီးဆုံးကြေးစေတီ ဖြစ်မည်ဟု ယူဆ ရပါသည်။


မဟာမြတ်မုနိ ဘုရားပရ၀ုဏ်အတွင်းရှိ အောင်ခြင်းရှစ်ပါးစေတီ


မာရဇိန် ဓာတုစေတီ


ဘုရားသမိုင်းကျောက်စာတိုင်


ရန်အောင်မြင်စေတီ


မဟာမြတ်မုနိဘုရားကြီးရေကန်အတွင်းရှိ ရှင်ဥပဂုတ္တ ကျောင်းဆောင်


နဂါးရုံဘုရား


မဟာဗောဓိ ညောင်ပင်



ရှင်သီဝလိကျောင်းဆောင်

          ဤသို့ စေတီတော်များ ခြံရံလျက်ရှိသော သီပေါမြို့မဟာမြတ်မုနိ ဘုရားကြီး နှင့် "၀ိဇယမာန်အောင် ကြေးစေတီတော်" တို့အားလာရောက်ဖူးမြှော်နိုင်ကြပါရန် ဖိတ်ခေါ်ပါသည်။
                                                                                                သီတဂူ သီပေါ







0 comments:

Post a Comment

 
Top