သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး


တည်နေရာ ၊ အကျယ်အ၀န်း ၊

          ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၏ သာသနာ့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးကို သီပေါမြို့တောင်ဘက် ကုန်းမြင့် သာသန၀တ္တက မြေတော်တွင် တည်ထားပါသည်။  အ၀ိုင်းအ၀န်းအဖြစ် ကျောက်တိုင် ၈-တိုင်ကို စိုက်ထူထားပြီး အကွက်အမှတ် (၁၆) ဦးပိုင်အမှတ် (၉/က) မှ ဦးပိုင် (၅၈) ထိ၊ အကွက်မှတ် (၁၃) ဦးပိုင် (၅၀) မှ ဦးပိုင် (၆၇/င) ထိ ဧရိယာအကျယ်အ၀န်း ၂၄.၄၂၉ ဧက ရှိပါသည်။

မူလဘုရား ဒါယကာ - ဒါယိကာ…..




          မူလဘုရား ဒါယကာ - ဒါယိကာ များမှာ - သီပေါစော်ဘွားကြီးခွန်ကြာထွန်း၏ သားတော် ကမ္ဘောဇရဋ္ဌ မဟာဝံသ သိရီပ၀ရ သုဓမ္မရာဇာ ဘွဲ့ရ (၈၅) ဆက်မြောက် စော်ဘွားကြီး စောကြာခိုင် (ခ) စောခွန်ဆိုင် နှင့် အမတော်ဘုရား ခင်သူဇာ (ခ) အရီးတော်ထိပ်ခေါင်တင် တို့ ဖြစ်ပါသည်။

စီမံသွန်းလောင်းခြင်း …



         မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးနှင့် နောင်တော် ညီတော်အဖြစ် အနီးစပ်ဆုံး ပုံစံတူကူးယူ၍ မြေတိုင်းအမတ်ကြီး ဦးကြိုင်ကို ပန်းတဉ်းဝန်ခန့်ကာ ဂန္ဓကုဋိတိုက်တော်၊ ပြာသာဒ် စုလစ်မွန်းချွန်၊ အာရုံခံတန်ဆောင်း တို့ဖြင့် ၁၂၅၇-ခု ၀ါဆိုလပြည့်ကျော် (၅) ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။


ကြေးချိန် - ၄၇၇၉ ပိဿာ-၁၅ ကျပ်သား ၊ ငွေချိန် - ၂၆ ပိဿာ ၊ ရွှေချိန် - ၂ ပိဿာ-၂၅ ကျပ်- ၂ ပဲ ၊ စရိတ်တော် (ငွေဒင်္ဂါး) ၉၅၅၈ - ကျပ်- ၆ ပဲ ၊တို့ဖြင့် သွန်းလောင်းပူဇော်ခဲ့ပါသည်။ ၁၂၆၄ - ခုနှစ်တွင် မဟာမြတ်မုနိ မကိုဋ်တော်ကို တင်လှူခဲ့ပါသည်။

မီးခလောင်ကျွမ်းခြင်း နှင့် ပြန်လည်ပြုပြင်ခြင်း…
          ၁၂၈၆ - ခု ကဆုန်လဆန်း (၆) ရက်နေ့တွင် တန်ဆောင်းတော် မီးလောင်ကျွမ်း၍ ရုပ်ပွားတော်မြတ်မှာ အနည်းငယ်မီးခခဲ့ပါသည်။ သီပေါ အုန်းဘောင် လေးမြို့ဂိုဏ်းချုပ်ဆရာတော် ဦးက၀ိ မထေရ်မြတ်နှင့် အရီးတော်ထိပ်ခေါင်တင် ကြီးမှူးလျက် ပြည်သူပြည်သားများ ကောင်းမှုဖြင့် ၁၂၈၉ - ခု ပြာသိုလပြည့်နေ့တွင် ပြန်လည်ပြုပြင် ပြီးစီးခဲ့ပါသည်။
တန်ဆောင်းတော်များကို……..
အရှေ့ဘက်တွင် - မြို့ဝန်ကြီး စောလုံးဆိုင် နှင့် မြို့ဝန်ကတော်    စောမြတ်အိမ်တို့က၎င်း
မြောက်ဘက်တွင် - သမီးတော် စောကြည်လင် နှင့် သားတော် စောမြတ်ဖူး
တောင်ဘက်တွင် - သီပေါလေးမြို့ နယ်သူနယ်သားများ
တဖန်၊ ၁၂၈၇ - ခုတွင် ဆက်လက်၍ တန်ဆောင်းတော်များကို အင်္ဂါဒေါင့်တွင် - အင်စပက်တော် ဦးသာထွန်းစံ
တနင်္ဂနွေဒေါင့်တွင် - ဦးလောကူ ဒေါ်ခမ်းမှုံ တို့က၎င်း
အရှေ့အာရုံခံ (ထီးဖြူဆောင်) ကို လေးမြို့ဂိုဏ်းချုပ်ဆရာတော် ဦးက၀ိ အမှူးထားလျက် မြို့နယ်သူ/နယ်သားများ
မြောက်ဘက်တွင် - ဘဘ လက်သုံးတော် မောင်မောင် က၎င်း လှူဒါန်းခဲ့ကြပါသည်။
          မူလဘုရား ဒါယကာ စော်ဘွားကြီး စောကြာခိုင်၏ သားတော် (၈၆)ဆက်မြောက် ကမ္ဘောဇရဋ္ဌ မဟာဝံသ မဟာရာဇာ ဘွဲ့ခံ စော်ဘွားကြီး ဆာစောချယ်က အရီးတော်နှင့်အတူ ၁၂၈၆ - ခု ပထမ၀ါဆိုလဆန်း (၁၅) ရက်နေ့မှ စ၍ ရွှေမကိုဋ်တော် လှူရန်စီစဉ်ရာ ၁၂၉၀ - နယုန်လတွင် လှူဒါန်းနိုင်ခဲ့ပါသည်။
          မဟာရာမ်တံတိုင်းနှင့်  ရေကန်တော်တို့ကိုလည်း အများကောင်းမှုဖြင့် ပူဇော်ခဲ့ပါသည်။ ထို့ပြင် ပေ (၄၀) ပတ်လည် အမြင့် ၂၅-ပေ ထု ၅-ပေရှိသော ဂန္ဓကုဋိတိုက်တော်မြတ်ကို အတွင်းအပြင် ရွှေပိန်းချ ပူဇော်ခဲ့ပါသည်။
 ထီးတော်မြေခခြင်း…
၁၃၁၃-ခု ကဆုန်လပြည့် တနင်္ဂနွေနေ့ ညနေ ၃-၃၀ နာရီတွင် လေပြင်းကျ၍ မဟာမြတ်မုနိ ကျောင်းတော်နှင့် ပြာသာဒ်ထီးတော် မြေခခဲ့ပါသည်။
၁၃၁၆-ခု ကဆုန်လပြည့် မွန်းလွဲ ၂-နာရီတွင် ပြာသာဒ်တော်သစ်နှင့် ထီးတော်သစ် တင်လှူခဲ့ပါသည်။ ၁၃၁၄-ခုတွင် ကလျာဏယုဝ ဆွမ်းကြီး ခံအဖွဲ့မှ ဦးစီးပြီး အများကောင်းမှုဖြင့် ရွှေပလ္လင်တော်ကို မွမ်းမံပြင်ဆင် လှူဒါန်းခဲ့ပါသည်။

အုဌ်ကျာင်းတော် ၊ တန်ဆောင်းတော်သစ် ဆောက်လုပ်လှူဒါန်းခြင်း…


 မဟာမြတ်မုနိ အာရုံခံ အုဌ်တန်ဆောင်းတော်သစ်ကြီးကို သီပေါမြို့နယ် ဗဟိုဝန်ဆောင် ဆရာတော်များ ၊ သံဃမဟာနာယကနှင့် သြ၀ါဒစရိယ ဆရာတော်များ၏ ကြီးကြပ်လမ်းညွှန်မှု ၊ အကျိုးတော်ဆောင် ဆရာတော် ဦးပညာသိရီ ဦးဆောင်သည့် ရဟန်းရှင်လူ အများကောင်းမှုဖြင့် ၁၃၄၇-ခု နတ်တော်လဆန်း (၁၀) ရက် (၁၉၈၅-ဒီဇင်ဘာ-၂၂-ရက်) တနင်္ဂနွေနေ့ နံနက် ၈:၃၀ နာရီတွင် ပန္နက်တော် တင်ခဲ့ပါသည်။
          ၁၃၄၇-ခု ပြာသိုလဆန်း (၁၃) ရက် (၁၉၈၆-ခု ဇန္န၀ါရီ- ၁၃-ရက်) တနင်္လာနေ့ နံနက် ၈: ၃၀ နာရီတွင် အုဌ်မြစ်တော် တင်လှူခဲ့ပါသည်။
          မူလအာရုံခံတန်ဆောင်းထက် တဘက်တွင် (၁၀) ပေချဲ့လျက် အုဌ်တန်ဆောင်း အခန်းပေါင်း (၈၀) ဖြင့် ငွေကျပ် ၁၃- သိန်းကျော်ကုန်ကျ သည့် ကျောင်းတော်ကြီးကို ၂၂-၁၂-၈၇ တွင်ဆောက်လုပ်ပြီးစီး၍ ရေစက်ချ လှူဒါန်းနိုင်ခဲ့ပါသည်။

 
          တဖန်အကျိုးတော်ဆောင် ဆရာတော် ဦးပညာသိရီ ဦးဆောင်၍ အုဌ်အင်္ဂတေဖြင့်ပြီးသော ဘုံခုနှစ်ဆင့်ပြာသာဒ်တော်ကို ၂၈-၁၁-၈၈ တွင် စတင်တည်ဆောက်ခဲ့ပါသည်။ ဥာဏ်တော် ၁၀၈-ပေရှိ အုဌ်ပြာသာဒ်တော် အချင်း ၄-ပေခွဲရှိ ကြေးထီးတော် ၊ ဘော်ချိန် ၅-ပိဿာရှိ ငှက်မြတ်နားတော်နှင့် ရတနာများစီချယ်ထားသည့် စိန်ဖူးတော်တို့ ပါဝင်ကာ ၂၇-၁၁-၉၀ တွင်ဆောက်လုပ်ပြီးစီးကာ ၂၇-၁-၉၁ နံနက် ၉:၁၈ နာရီတွင် ထီးတော်တင် လှူဒါန်းနိုင်ခဲ့ပါသည်။


          မြောက်ဘက်စောင်းတန်း မုဒ်ဦးအဟောင်းကို အုဌ်စောင်းတန်းဖြင့် အစားထိုးပြင်ဆင်ခြင်းကို ၂၁-၁-၁၉၈၈ မှစတင်ရာ ၃၁-၁-၁၉၈၉ တွင် အောင်မြင်ပြီးမြောက်ခဲ့ပါသည်။
          ဘော်သားချိန် ၆-ပိဿာ ၅၀-ကျပ်သားရှိ ၊ ၈-ပေ×၆-ပေ ဘော်သားချပ်မျက်နှာကျက်တော်ကို ၁၄-၆-၁၉၉၀ တွင်စတင်တပ်ဆင်ရာ ၁-၁၂-၁၉၉၀ တွင်ပြီးစီးသည်။
ထို့ပြင် ၁၉-၇-၁၉၉၀ မှ ၁၁-၈-၁၉၉၀ ထိ ဘုရားအ၀င်လမ်း ကိုက် ၆၀၀ ကို ကွန်ကရစ်လမ်းခင်းခြင်း ၊ ဂန္ဓကုဋိတိုက်တော်တွင်း ၉-လက်မ ပတ်လည် ကြေးပြားခံ ရွှေဖြင့်ပြီးသော တိုက်တော်အဖြစ် ရွှေချခြင်း တိုက်တော်အတွင်း ကျွန်းကွက်ခင်းခြင်း  ရွှေကနုတ်ပန်း တံကဲတော်လှူ ဒါန်းခြင်း စသည်ဖြင့် ဆက်လက်ဆောင်ရွက် လှူဒါန်းခဲ့ပါသည်။ ၇-၁၁ ၁၉၉၂ တွင် တောင်ဘက်စောင်းတန်းကို ထပ်မံလှူဒါန်းနိုင်ခဲ့ပါသည်။


          ၁၉၉၉-ခုနှစ် မေလတွင် သီတဂူဆရာတော် အရှင်ဥာဏိဿရ၏ ဦးဆောင်လမ်းညွှန်မှု မတည်လှူဒါန်းမှု တို့ဖြင့် ပြာသာဒ်ကြီးသာမက အရံ ပြာသာဒ်ငယ်တို့ပါ ရွှေရောင်ပြာသာဒ်များအဖြစ် လှူဒါန်းပူဇော်ခဲ့ပါသည်။
          ကျောင်း ကန် ဘုရား ဟူသောဆိုရိုးစကားနှင့်အညီ တင့်တယ် သပ္ပါယ်စွာ တည်ရှိလျက် မဟာမြတ်မုနိဘုရားကြီးသည် သီပေါမြို့၏ ကျက်သရေကို ဆောင်လျက်ရှိပါသည်။

သဒ္ဓါတိုးပွား အသင်းအဖွဲ့များ….
          မဟာမြတ်မုနိဘုရားကြီး၏ ဗုဒ္ဓဝေယျာဝစ္စ အ၀၀ကို ဆောင်ရွက်ရန် အတွက် ၊ ထာဝရရေရှည်တည်တံ့ ခိုင်မြဲစွာ တည်ရှိနိုင်ရေး အတွက်….
          ၁။ ဂေါပက အဖွဲ့ ၊
          ၂။ ရေကြည်တော် ၀တ်အသင်း ၊
          ၃။ ကလျာဏယုဝတီ ၀တ်အသင်း နှင့်
          ၄။ မယ်ဟေမာ ၀တ်အသင်း များကို ဖွဲ့စည်းထားပါသည်။





ဝါတွင်းဝါပ လပြည့်လကွယ် (၈) ရက်ဥပုသ်နေ့များတွင် အကျိုးတော်ဆောင် ဆရာတော်ဦးပညာသိရီ ဦးဆောင်သော ရေကြည်တော်ဝတ်အသင်းသားများက နံနက်အရုဏ် ဘုရားမျက်နှာသစ်တော်ရေ ၊ သောက်တော်ရေ ကပ်လှူခြင်း ၊ ဆွမ်းခဲဘွယ် ဘောဇဉ် ပန်း ဆီမီး ကပ်လှူခြင်းနှင့် ပရိတ် ၊ ပဋ္ဌာန်းစသည်ဖြင့် ရွတ်ဖတ်ပူဇော်ကြသည်။ ညနေပိုင်းတွင် ကလျာဏယုဝတီဝတ်အသင်းနှင့် မယ်ဟေမာဝတ်အသင်း တို့က သီတင်းပတ်တိုင်း ၀တ်ရွတ်ပူဇော်ကြသည်။
ဝါတွင်းကာလများတွင် ရေကြည်တော်ဝတ်အသင်းမှ လပြည့်လကွယ် (၈) ရက်အဖိတ်နေ့တိုင်း နံနက်တကြိမ် ညနေတကြိမ် ဆွမ်းကြီးခံထွက်ပြီး တမြို့လုံးမှ လောင်းလှူသော လှူဖွယ်ပစ္စည်းများကို ဥပုသ်နေ့တိုင်း မဟာမြတ်မုနိဘုရားကြီး ရုပ်ရှင်တော်မြတ်အား ဆက်ကပ်ပူဇော်ကြ ပါသည်။

        

          နှစ်စဉ်နှစ်တိုင်း တန်ခူးလတွင် တရားခန်းမဆောင်၌ (၁၀) ရက် ၀ိပဿနာအလုပ်ပေး တရားစခန်း ဖွင့်လှစ်ပါသည်။ ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပွဲ ကျင်းပကြပါသည်။
နယုန်လပြည့်နေ့ မဟာသမယနေ့တွင် နံနက် ၆- နာရီမှ ညနေ ၆- နာရီထိ ရေကြည်တော်ဝတ်အသင်း ကလျာဏယုဝတီဝတ် အသင်းများမှ မဟာသမယသုတ်တော်ကို ရွတ်ဖတ်ပူဇော်ကြပါသည်။

သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာအခါတော်နေ့ကျင်းပပူဇော်သည်။

သံဃဒါန ဆွမ်းကြီးလောင်းလှူပွဲ..








သီတင်းကျွတ်လပြည့်ကျော် (၃) ရက် (၄) ရက်များတွင် မြို့နယ်လုံးကျွတ် သံဃဒါနဆွမ်းလောင်းပွဲကို အငြိမ့် ၊ ပြဇာတ် ၊ ရှမ်းရိုးရာ ကပွဲများနှင့် စည်ကား သိုက်မြိုက်စွာ ကျင်းပကြပါသည်။ ပွဲတော်ရက်အတွင်း မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်အား ရွှေသင်္ဃန်းဖြင့် လွှမ်းခြုံပူဇော်ပါသည်။


          ဤကဲ့သို့ ရှုမငြီးဘွယ် လှပတင့်တယ် သပ္ပါယ် ကြည်ညိုဘွယ်ရာနှင့် သီပေါမြို့၏  ကျက်သရေကိုဆောင်လျက်ရှိသော မဟာမြတ်မုနိဘုရားကြီး အား လာရောက်ဖူးမျှော်နိုင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
                                                                                      သီတဂူ သီပေါ။

0 comments:

Post a Comment

 
Top