"သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်၏ ကုသမှုမှတ်တမ်း"
(၂၇) ကြိမ်မြောက်ဖွင့်လှစ်ကုသခြင်း

          သီတဂူစက္ခုဒါနဆေးရုံတော်ဟု အမည်တွင်ခြင်းမှာ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿ     ရ ထံတော်မှ သြ၀ါဒများခံယူကာ တည်ထောင်ခဲ့သည့် မျက်စိဆေးရုံ ဖြစ်သောကြောင့်ပင်။ 
          ဆရာတော်တည်ထောင်ခဲ့သော ဦးစွာသောဆေးရုံမှာ သီတဂူအာယုဒါနဆေးရုံဖြစ်သည်။ သီပေါသို့ ဆရာတော်ကြွရောက်ကာ ရှမ်းပြည်နယ်သူ နယ်သားများ၏ မျက်စိဝေဒနာရှင်များကို ကုသပေး လိုမှု စေတနာဖြင့် သြ၀ါဒများပေးတော်မူပြီး မဟာမြတ်မုနိဘုရားကြီး၏ ပရ၀ုဏ်အတွင်း လုံလောက်သော မြေအကျယ်အ၀န်းရှိသည်ဖြစ်၍ မျက်စိဆေးရုံဆောက်လုပ်စေပါသည်။
          လိုအပ်သော စက်ကိရိယာများကို ဆရာတော်ကြီးမှ လှူ ဒါန်းပေးခဲ့ပါသည်။ မျက်စိသီးသန့်ကုသော ဆေးရုံဖြစ်သည့်အပြင် အခမဲ့ ကုသိုလ်ဖြစ် ကုသပေးသည့်အတွက် သီတဂူစက္ခုဒါနဆေးရုံတော်ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်။

          ( ၂၇ ) ကြိမ်မြောက် မျက်စိကုသမှု အစီအစဉ်ကို ၂၀-၃-၂၀၁၄ ရက်နေ့မှ ၂၃-၃-၂၀၁၄ ရက်နေ့ထိ ၄-ရက်တိုင် ကုသပေးခဲ့ရာ မျက်စိဝေဒနာရှင်ပေါင်း ( ၄၂၈ ) ဦးကို စမ်းသပ်စစ်ဆေးပေးပြီး ဝေဒနာရှင်ပေါင်း ( ၁၂၃ ) ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။
          ၂၂-၃-၂၀၀၈ ရက်နေ့မှ ၂၃-၃-၂၀၁၄နေ့ထိ ( ၂၇ ) ကြိမ်တိုင်တိုင် ဖွင့်လှစ်ကုသပေးခဲ့ရာ မျက်စိဝေဒနာရှင်ပေါင်း ( ၁၃၈၀၂ ) ဦးကို စမ်းသပ်စစ်ဆေးပေးပြီး မျက်စိဝေဒနာရှင်ပေါင်း ( ၂၇၈၈ ) ဦးကို အခမဲ့ကုသိုလ်ဖြစ် ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။

 

           မျက်စိဝေဒနာရှင်များကို ( ၆ ) နှစ်အတွင်း ( ၂၇၈၈ ) ဦးအား အခမဲ့ကုသိုလ်ဖြစ် ကုသပေး နိုင်ခဲ့ခြင်းမှာ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် မျက်စိသူနာပြုများ၏ ပညာဒါနများက အဓိက နေရာမှ ပါဝင်ခဲ့သည်။


          အငြိမ်းစား ဆရာဝန်ကြီးများ၊ သူနာပြုအုပ်များ၊ အားလပ်ချိန်တွင်း လာရောက်ဝိုင်းဝန်းကူညီ ကြသော ပြည်သူ့ဆေးရုံကြီးမှ သူနာပြုများ၊ ဓါတ်ခွဲမှူးများနှင့် မျက်မှန်ကျွမ်းကျင်ဆရာ များ၏ ပညာလုပ်အားကလည်း သီတဂူစက္ခုဒါနဆေးရုံတော်အတွက် အထူးပင် အထောက်အကူ ဖြစ်ရပါသည်။

          သီပေါ ဘုရားကြီး၏ ရေကြည်တော်ဝတ်အသင်း၊ ခရစ်ယန်လူငယ်မောင်မယ်များ၊   ရေဟော်ကျောင်းတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ရဟန်းငယ်များနှင့် သီတဂူ မျက်စိဆေးရုံမှ ဆရာမလေးများ၏ လုပ်အားအလှူ များကလည်း မျက်စိကုအစီအစဉ်တွင် စ၊ လယ်၊ ဆုံးလုပ်ငန်းများကို လည်ပတ်စေနိုင်ခဲ့ပါသည်။

          သီပေါ မဟာမြတ်မုနိဘုရားကြီး၏ ဂေါပကကြီးများ၊ သီတဂူ စက္ခုဒါနဆေးရုံတော်၏ စီမံ  အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် ကလျာဏယုဝတီ ၀တ်အသင်းသူတို့၏ စေတနာမေတ္တာများဖြင့် ၀ိုင်းဝန်းကာ ကုသိုလ်ပြုကြခြင်းသည်လည်း သီပေါ မျက်စိဆေးရုံအတွက် တတပ်တအား ဖြစ်ခဲ့ပါသည်။

          ရပ်နီးရပ်ဝေးမှ ငွေကြေးအလှူ ဒါနကုသိုလ်များကလည်း မျက်စိဝေဒနာရှင်များကို အခမဲ့ ကုသပေးနိုင်ပါရန် ပင်မအကြောင်းအရာတစ်ခုပင် ဖြစ်ရပါသည်။

          မျက်စိကုသမှု အစီအစဉ် တစ်ခုပြီးမြောက်နိုင်ရန် ပညာဒါန၊ လုပ်အားဒါနရှင်ပေါင်း ၁၅၀-ခန့် ၀ိုင်းဝန်းကာကုသိုလ်ယူကြရပါသည်။ ငွေကြေးဒါနရှင်များ၊ ပညာဒါနရှင်များနှင့် လုပ်အားဒါနရှင်များ၏ ဂရုဏာ၊ မေတ္တာ စေတနာအပေါင်းတို့ကြောင့် ( ၆ ) နှစ်တာအတွင်း ( ၂၇ ) ကြိမ်တိုင်တိုင် မျက်စိဝေဒနာရှင်ပေါင်း ( ၂၇၈၈ ) ဦးကို အောင်မြင်စွာ စမ်းသပ်ကုသပေးနိုင်ခဲ့ပါကြောင်း ကျေးဇူးတင် ၀မ်းမြောက်စွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

သီတဂူ သီပေါ။

0 comments:

Post a Comment

 
Top