"သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်၏ ကုသမှုမှတ်တမ်း"
(၂၆) ကြိမ်မြောက်ဖွင့်လှစ်ကုသခြင်း။

         ရှမ်းပြည်၏ အချမ်းအေးဆုံးလဖြစ်သော ဒီဇင်ဘာလတွင် သီပေါမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကို မျက်စိဝေဒနာရှင်များအတွက် (၂၆) ကြိမ်မြောက် ဖွင့်လှစ်၍ ကုသပေးခဲ့ပါသည်။
        ၂၆-၁၂-၂၀၁၃ ရက်နေ့မှ ၂၉-၁၂-၂၀၁၃ ရက်နေ့ထိ (၄) ရက်တိုင်တိုင် ကုသပေးပါသည်။

        မျက်စိဝေဒနာရှင်ပေါင်း (၇၀) ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ ဒေသပေါင်းစုံ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံမှ မျက်စိဝေဒနာရှင် (၄၈၉) ဦး လာရောက်၍ စစ်ဆေးမှု ခံယူကြပါသည်။
        ယခုကုသမှုအကြိမ်တွင် လူနာများလာရောက်မှု နည်းပါးခဲ့ခြင်းမှာ တစ်လထဲတွင် အခမဲ့ကုသမှု အစီအစဉ်နှစ်ကြိမ် နီးကပ်မှုကြောင့်ဖြစ်သည်။ ဒီဇင်ဘာလ ၂-ရက်နေ့မှ ၅-ရက်နေ့ထိ လားရှိုးမြို့တွင် မျက်စိဝေဒနာရှင်များကို အခမဲ့ကုသမှု အစီအစဉ်တစ်ခုကို ကုမ္ပဏီတစ်ခု၏ လှူဒါန်းမှုဖြင့် ကုသပေးခဲ့သည်။
        မည်သူက အခမဲ့ ကုသိုလ်ဖြစ်မျက်စိကုသမှု အစီအစဉ်ပြုလုပ်၍ ခွဲစိတ်ကုသမှုကို ပြုလုပ်ပေး သည်ဖြစ်စေ သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်မှ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။ ဤဆေးရုံတော် မှလည်း တစ်နှစ်လျှင်လေးကြိမ် မတ်လ၊ ဇွန်လ၊ စက်တင်ဘာလနှင့် ဒီဇင်ဘာလများတွင် ဆက်လက်၍ အခမဲ့ ကုသိုလ်ဖြစ် မျက်စိဝေဒနာရှင်များကို ကုသပေးသွားမည် ဖြစ်ပါသည်။

        မျက်စိဝေဒနာရှင်တစ်ဦး ခွဲစိတ်ကုသမှု ခံယူနိုင်ရန်အတွက် အဆင့်ဆင့်စမ်းသပ် စစ်ဆေးရပါသည်။
        မှတ်ပုံတင်ဌာနတွင် စာရင်းပေးသွင်းပြီး ဦးစွာ မျက်စိအမြင်စမ်းသပ်ခန်းတွင် စစ်ဆေးရသည်။ မျက်စိရေချိန်တိုင်းပေးသည်။ ထိုနောက် မျက်စိရောဂါကို အထူးကု ဆရာဝန်ကြီးများက စိစစ်သေချာစွာ စစ်ဆေးပေးပါသည်။
        မျက်စိရောဂါရှိ၍ ခွဲရမည့်လူနာများကို ဆီးချို၊ သွေးချို၊ သွေးတိုး၊ A,B,C ပိုးများနှင့် နှလုံးရောဂါ ရှိမရှိကို စစ်ဆေးပေး၍ သေချာပြီးမှ ခွဲစိတ်ခန်းသို့ ၀င်ရောက်ကုသမှု ခံယူရပါသည်။

        ခွဲစိတ်ကုသမှုပြီး၍ ခွဲခန်းမှထွက်လာသော လူနာများကို ဝေယျာဝစ္စ လုပ်အားဒါနရှင်များက အိပ်ရာ အရောက် တွဲပို့ခြင်း၊ လိုအပ်ပါက wheel chair သုံး၍ ပို့ဆောင်ပေးခြင်းများဖြင့် ကုသိုလ်ယူကြပါသည်။
        လူနာဆောင်တွင် နေရာချထားပေးပြီးသော လူနာများအား အဆင်ပြေမှု ရှိမရှိ လိုအပ်မှုများရှိပါက လိုအပ်သလို ဆောင်ရွက်ပေးခြင်းတို့ကို ဆရာမလေးများက ဂရုတစိုက် ဆောင်ရွက်ပေးကြသည်။

        ဤကဲ့သို့ အဆင်ပြေချောမွေ့စွာ  မျက်စိဝေဒနာရှင်များကို အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခြင်းမှာ ရပ်ဝေး ရပ်နီး အလှူရှင်များ၏ စေတနာ သဒ္ဓါများဖြင့် လှူဒါန်းပေးခြင်းကလည်း တစ်ဒေါင့်တစ်နေရာမှ များစွာ အထောက်အကူ ဖြစ်ခဲ့ပါသည်။

        ၂၂-၃-၂၀၀၈ ရက်နေ့မှ ၂၉-၁၂-၂၀၁၃ ရက်နေ့ထိ (၂၆) ကြိမ်တိုင်အောင် ဖွင့်လှစ်ကုသပေးခဲ့ရာ မျက်စိဝေဒနာရှင်ပေါင်း (၁၃၃၇၄) ဦးကို စမ်းသပ်စစ်ဆေးပေးပြီး ဝေဒနာရှင်ပေါင်း (၂၆၆၅) ဦးကို အခမဲ့ ကုသိုလ်ဖြစ် ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။
        သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကို တည်ထောင်ပေးတော်မူခဲ့သော သီတဂူ ဆရာတော်ကြီး အရှင်ဉာဏိဿရ (Ph.D, D.Litt) ၏ သြ၀ါဒအရ (၁) ကြိမ်မှ (၂၆) ကြိမ်ထိ မျက်စိဝေဒနာရှင်ပေါင်း (၂၆၆၅) ဦးကို အခမဲ့ ကုသိုလ်ဖြစ် ကုသပေးနိုင်ခြင်းမှာ အလှူရှင်များ၏ ငွေကြေးဒါန၊ ပညာဒါန၊ လုပ်အား ဒါနနှင့် ယာဉ်အလှူရှင်များ၏ စေတနာ မေတ္တာ ဂရုဏာများဖြင့် ၀ိုင်းဝန်းကာ ကုသိုလ်ပြုကြ၍  အောင်မြင်ခဲ့ခြင်း ဖြစ်ပါကြောင်း ကျေးဇူးတင် ၀မ်းမြောက်စွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
သီတဂူသီပေါ။

0 comments:

Post a Comment

 
Top