"သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်၏ ကုသမှုမှတ်တမ်း" 
(၂၅) ကြိမ်မြောက် ဖွင့်လှစ်ကုသခြင်း
 
          
   သီပေါမြို့သီတဂူစက္ခ္ခုဒါနဆေးရုံတော်ကို (၂၅) ကြိမ်ပြည့် ငွေရတုသဘင်တိုင် ဖွင့်လှစ် ကုသ ပေးနိုင်ခဲ့ပါပြီ။
 
      
          ဖွင့်လှစ်မကုသမီ တလကျော်အလိုတွင် သီတဂူစက္ခုဒါနဆေးရုံတော်၏ ဖန်တီးရှင် သီတဂူ ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ (Ph.D, D.Litt) မှ ဆေးရုံသို့ကြွရောက် စစ်ဆေးပြီး            သြ၀ါဒများ မြွက်ကြားပေးတော်မူပါသည်။ လိုအပ်နေသော စက်ကိရိယာများကိုလည်း 
ဖြည့်ဆည်း လှူဒါန်းပေးမည့်အကြောင်း မိန့်ကြားသွားပါသည်။ ညပိုင်းတွင် သီပေါမြို့သူ/သားများအား တရားရေအေး တိုက်ကျွေးတော်မူပါသည်။


          ၂၆-၉-၂၀၁၃ ရက်နေ့မှ ၃၀-၉-၂၀၁၃ ရက်နေ့ထိ ၅-ရက်တိုင် ကုသပေးခဲ့ရာ မျက်စိဝေဒနာရှင် (၆၉၅) ဦးကို စမ်းသပ်စစ်ဆေးပေးပြီး ဝေဒနာရှင်ပေါင်း (၁၄၈) ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသ ပေးခဲ့ပါ သည်။


          ရဟန်း၊ သီလရှင်များနှင့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ နယ်ပေါင်းစုံမှ လူပုဂ္ဂိုလ်ပေါင်း ထောင်ကျော် မျက်စိကုသရန် မျက်မှန်စမ်းသပ်ပြုလုပ်ရန် လာရောက်ကြသည်မှာ သီပေါ မြို့ကလေး၏ ပွဲတစ်ခု ဆင်ယင်ကျင်းပသည်နှင့်ပင် တူနေပါသည်။


          မျက်စိလူနာ မည်မျှပင် များပြားသော်လည်း ခရစ်ယာန်လူငယ်များနှင့် ပြည်သူ့ဆေးရုံကြီးမှ ဆရာမလေးများက တာဝန်အားလပ်ချိန်များတွင် လာရောက်၍ မဟာမြတ်မုနိဘုရားကြီး ဝေယျာဝစ္စအဖွဲ့ သားများ၊ မျက်စိဆေးရုံမှ ဆရာမလေးများနှင့် ၀ိုင်းဝန်းကူညီ ကုသိုလ်ယူကြပါသည်။


          ထူးခြားဖြစ်စဉ်တစ်ခုမှာ လားရှိုးမှ အဖွားကမျက်စိကုရန် အဖိုးကလူနာစောင့် နှစ်ယောက်လာ ကြသည်။ အဖွားအား စမ်းသပ်စစ်ဆေးပေးရာ ခွဲစိတ်ကုသရမည်ဖြစ်သည်။ အဖွားအား ခွဲစိတ်ခန်းထဲတွင် လူနာဝတ်စုံ ၀တ်ဆင်ပေး၍ မျက်စိသူငယ်အိမ်ကျယ်စေရန် မျက်စဉ်းခပ်ပေးပြီး ခွဲစိတ်ကုသရန် အဆင်သင့်စောင့်နေစေ၏။ ခွဲစိတ်ခန်းထဲရှိ အိမ်သာသို့အသွား အိမ်သာထဲတွင် ချော်လဲ၍ ပေါင်ကျိုးသွား ခဲ့သည်။
          သီတဂူစက္ခုဒါနဆေးရုံမှ ဆရာဝန်ကြီးနှင့် သူနာပြုများက ကျိုးသည့်ပေါင်ကို ကျပ်စည်းပေးရသည်။ ပြီးလျှင် လူနာကို လားရှိုးဆေးရုံသို့ လွှဲစာနှင့် ကားကိုစီစဉ်ပေးကာ အလှူငွေများကိုလည်း ဝေယျာဝစ္စအဖွဲ့၊ ဘုရားကြီးဂေါပက၊ ဆေးရုံစီမံအုပ်ချုပ်ရေး လူကြီးများနှင့် အလှူရှင်များ ၀ိုင်းဝန်း လှူဒါန်းပေးကြသည်။


          သီတဂူစက္ခုဒါနဆေးရုံတွင် အားကိုးရသော သူနာပြုဆရာမလေး နန်းစံခေး၏မိခင်မှာ ဆေးရုံ ဖွင့်လှစ်ကုသစဉ်အတွင်း ကွယ်လွန်ခဲ့သည်။မြေမချခင် ဆရာမလေးသည် ကွယ်လွန်သူ မိခင်ကြီး ရုပ်အလောင်းနားတွင် မနေအားပဲ အပူရုပ်ကို ရုပ်သိမ်းကာ လုပ်ဖေါ်ကိုင်ဖက် ဆရာ ဆရာမများနှင့် ၀ိုင်းဝန်းကာ မျက်စိဝေဒနာရှင်များအတွက် အလုပ်လုပ်ပေးခဲ့ပါသည်။ ဆရာမလေး နန်းစံခေးအား ဤမှတ်တမ်းဖြင့် ၀မ်းနည်း ၀မ်းသာ ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။


          ၂၂-၃-၂၀၀၈ ရက်နေ့မှ ၃၀-၉-၂၀၁၃ ရက်နေ့ထိ ၅-နှစ်ကျော် ကာလအတွင်း (၂၅) ကြိမ်တိုင်တိုင် ဖွင့်လှစ်ကုသပေးခဲ့ရာ မျက်စိဝေဒနာရှင်ပေါင်း (၁၂၈၈၅) ဦးကို စမ်းသပ်စစ်ဆေးပေးပြီး (၂၅၉၅) ဦးကို  အောင်မြင်စွာ အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။
          သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ (Ph.D, D.Litt) ၏ သြ၀ါဒအရ (၁) ကြိမ်မှ (၂၅) ကြိမ်တိုင် မျက်စိဝေဒနာရှင်ပေါင်း (၂၅၉၅) ဦးကို အခမဲ့ ကုသိုလ်ဖြစ် ကုသပေးနိုင်ခဲ့ခြင်းမှာ ပညာဒါန ငွေကြေးဒါန လုပ်အားဒါနရှင်များနှင့် ယာဉ်အလှူရှင်များ၏ စေတနာ မေတ္တာများဖြင့် ၀ိုင်းဝန်း ကုသိုလ်ယူကြ၍ အောင်မြင်နိုင်ခြင်း ဖြစ်ပါကြောင်း ကျေးဇူးတင် ၀မ်းမြောက်စွာဖြင့် မှတ်တမ်းတင် အပ်ပါသည်။
သီတဂူသီပေါ။

0 comments:

Post a Comment

 
Top