သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး တွင်ကျင်းပသော

"(၃၁) ကြိမ်မြောက် သီပေါမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိ စာမေးပွဲ"



အစိုးရ ပထမပြန်စာမေးပွဲ၏ အခြေခံ ပရိယတ္တိစာမေးပွဲကို နှစ်စဉ် တပို့တွဲလပြည့်ကျော် (၁၀) ရက်နေ့တွင်ကျင်းပသည်။
စာမေးပွဲကျင်းပရန် သံဃနာယကဆရာတော်များ စာချဆရာတော်များ  ဥပတ္ထမ္ဘက ဒါယကာ များနှင့် အာဏာပိုင်အဖွဲ့အစီးများ ညှိနှိုင်းတိုင်ပင်ဆွေးနွေးကြပြီး ဆရာဒကာ လက်တွဲညီစွာ ဆောင်ရွက်မြဲဖြစ်ပါသည်။
အခမ်းအနားကို မဟာမြတ်မုနိဘုရားကြီး ဝေယျာဝစ္စအဖွဲ့ ရေကြည်တော်ဝတ်အသင်း သိရီသုဝဏ္ဏ လူငယ်မောင်မယ်အဖွဲ့တို့မှပြင်ဆင်ပေးသည်။



မေးခွန်းကို တပို့တွဲလပြည့်ကျော် (၉) ရက်နေ့ တစ်ရက်ကြိုတင်၍ စာချဆရာတော်များမှ မဟာမြတ်မုနိဘုရားသို့ ကြွရောက်ကာ ပုစ္ဆာထုတ်တော်မူကြပါသည်။


 
ပုစ္ဆာထုတ်ပြီး မေးခွန်းလွှာများကို ကွန်ပျူတာ စာကူးစက်တို့ဖြင့် ထုတ်ပေးပါသည်။


 
စာမေးပွဲဖြေမည့်ရက် နံနက်ပိုင်းတွင် ကြီးကြပ်ဆရာတော် ပုစ္ဆကဆရာတော် စာဖြေမည့် သာမဏေ သီလရှင် အားလုံးတို့အား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းသည်။



သာမဏေများ စာမေးပွဲမဖြေမီ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ ရှင်သီဝလိကျောင်းတော်တွင် စောင့်ဆိုင်းနေကြရာ ရဟန္တာအရှင်မြတ် သီဝလိမထေရ်မှာ သာမဏေလေးများ၏ လွယ်အိတ်များ ခြုံထည်များကို လွယ်ထား ပိုက်ထားပေးရှာပါသည်။
မိခင်ဖခင်များက မိမိတို့သားသမီးများ စာမေးပွဲသွားရောက်ဖြေဆိုရာတွင် ကလေးငယ်များ၏ လွယ်အိတ်များ အ၀တ်အစားများကို စောင့်ရှောက်ပေးသကဲ့သို့ ဖခင်မရှိတော့သော ညီငယ် သာမဏေများအတွက် နောင်တော်ဖြစ်သော သီဝလိမထေရ်သူမြတ်က စောင့်ရှောက်ပေးတော်မူပါသည်။



 စာမေးပွဲခန်းမှာ စာဖြေဆိုကြမည့် သာမဏေနှင့် သီလရှင်တို့ အဆင်သင့် ဖြစ်နေကြပါပြီ။



ယခုနှစ်တွင် ကျောင်းတိုက်ပေါင်း ၁၇-ကျောင်း သီလရှင်စာသင်တိုက် ၂-တိုက်တို့မှ စာဖြေသံဃာပေါင်း ၃၁၅-ပါးဝင်ရောက်ဖြေဆိုကြပါသည်။
မူလဆင့်၊ ပထမဆင့်၊ အခြေပြု၊ ပထမငယ်၊ ပထမလတ်၊ ပထမကြီး ဟုအဆင့် ၆-ဆင့် ဖြေဆိုရပါသည်။
ဤသို့မြို့နယ်စာမေးပွဲအဆင့်ဆင့်အောင်မြင်တော်မူကြသော သာမဏေ သီလရှင်များမှာ အစိုးရပထမပြန်စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်ရန် အရည်အချင်းပြည့်ဝနေပြီ ဖြစ်ပါသည်။
အားကြိုးမာန်တက်ဖြေဆိုနေသောကိုရင်ကလေး…



စာဖြေပြီးချိန်မှာ နေ့ဆွမ်းကအဆင်သင့်ဖြစ်နေပါပြီ။ သီပေါမြို့ (၁၁) ရပ်ကွက်မှ အလှူရှင်များမှ စာဖြေသံဃာတော်များအတွက် ဆွမ်းကွမ်းပြည့်စုံစေရန်အတွက် သဒ္ဒါတရားအပြည့်ဖြင့် ဆွမ်းဂျိုင့်များ လာရောက် လှူဒါန်းကြပါသည်။
ဆွမ်း ဆွမ်းဟင်းများ ဘောဇဉ်များပြင်ဆင်ခြင်း ဆက်ကပ်ခြင်းတာဝန်ကို မဟာမြတ်မုနိဘုရားကြီး ဝေယျာဝစ္စအဖွဲ့ ကလျာဏယုဝတီအသင်းသူများ တိန်းချေ တိန်းစံရွာသားများ သီရိသုဝဏ္ဏလူငယ်မောင်မယ်များနှင့် စေတနာရှင်များက ကုသိုလ်ယူ ကြပါသည်။



မြို့ပေါ် ၁၁-ရပ်ကွက်မှ စေတနာရှင်များ၏ ဆွမ်းဒါန ဝေယျာဝစ္စအဖွဲ့များ၏ လုပ်အားဒါနများဖြင့် နံနက် အာရုံဆွမ်း နေ့ဆွမ်းတို့ကို ပြည့်စုံလုံလောက်စွာ ဆက်ကပ်နိုင်ကြပါသည်။



ဖြေဆိုပြီးသော အဖြေလွှာများကို ပုစ္ဆကဆရာတော်များကိုယ်တိုင် စစ်ဆေးပေးတော်မူကြသည်။



၃-ရက်တိုင်တိုင် ဖြေဆိုအောင်မြင်ကြသော သာမဏေ သီလရှင်များ၏ အောင်လက်မှတ်များကို အချိုန်မီပြီးစီးရန် ကျောင်းတိုက်၊ အဖအမည်၊ ဘွဲ့၊ အတန်း၊ စသည်တို့ကို စာမေးပွဲဖြစ်မြောက်ရေး တာဝန်ရှိပုဂ္ဂိုလ်များက ၀ိုင်းဝန်းကူညီ ဖြည့်သွင်းရေးသားပေးကြသည်။



စာမေးပွဲကဏ္ဍ ပြီးဆုံးပြီးနောက် စာဖြေခုံများကိုသိမ်းဆည်းခြင်း မဟာမြတ်မုနိဘုရားကြီး ဂန္ဓကုဋိတိုက်တော်ရှေ့တွင် အောင်လက်မှတ်ဆက်ကပ်ခြင်း လှူဖွယ်ဝတ္ထုတို့ကိုလှူဒါန်းခြင်း အခမ်းအနားအတွက် ရေကြည်တော်ဝတ်အသင်း ဝေယျာဝစ္စအဖွဲ့မှ ကုသိုလ်ပြုကြသည်။



ပရိယတ္တိ စာမေးပွဲတော်၏ ၄-ရက်မြောက်နေ့ အောင်လက်မှတ်ဆက်ကပ်ပွဲနေ့တွင် သီပေါမြို့ သြ၀ါဒါစရိယ ဆရာတော်များ မြို့နယ်နာယကဆရာတော်များ ကြွရောက်ချီးမြှောက်တော်မူကြ ပါသည်။




  

မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်ထံမှ ဒါယကာ ဒါယိကာများ သီလခံယူဆောက်တည်ကြပြီး သြ၀ါဒခံယူကာ စာအောင်သံဃာများနှင့် သီလရှင်များအား အောင်လက်မှတ်ဆက်ကပ်ခြင်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်ကြသည်။



၃၁-ကြိမ်မြောက် ပရိယတ္တိ စာမေးပွဲ အတွက်လှူဒါန်းမှု ဒါနအစုစုတို့ကို ရေစက်သွန်ချ အမျှပေးဝေပြီး 
"ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းပါသည်။



(၃၁) ကြိမ်မြောက် သီပေါမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိ စာမေးပွဲတော်တွင် ရဟန်း သာမဏေ သီလရှင်ပေါင်း (၃၁၅) ပါး ၀င်ရောက်ဖြေဆိုကြပြီး (၂၀၂) ပါး အောင်မြင်ပါသည်။
မြို့နယ်၏ အခြေခံ ပရိယတ္တိစာမေးပွဲကို ၀င်ရောက်ဖြေဆို အောင်မြင်ကြပြီး အစိုးရ ပထမပြန် စာမေးပွဲကို တဆင့်ထက်တဆင့် အောင်မြင်တော်မူကြ၍ သာသနာ့ဓဇ ဓမ္မာစရိယ များ BA, MA နှင့် PhD ဘွဲ့များအထိတက်လှမ်းပေါက်ရောက်နိုင်ကြပါစေကြောင်း ဆန္ဒပြုကာ သီပေါမြို့၏ ပရိယတ္တိ စာမေးပွဲတော်ကို မှတ်တမ်းတင်အပ်ပါသည်။
                                                                                      သီတဂူ သီပေါ…

0 comments:

Post a Comment

 
Top