ယခုအခါ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ တွင် “သီတဂူစက္ခုဒါန ဆေးရုံတော်” ဟုအမည်ရသော မျက်စိအထူးကုဆေးရုံအား တည်ဆောက်၍ အခမဲ့စမ်းသပ်ကုသပေးလျက် ရှိပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တစ်ခုတည်းသော အခမဲ့မျက်စိအထူးကုဆေးရုံတော်ကြီးဖြစ်ပါသည်။
        “သီတဂူစက္ခုဒါန ဆေးရုံတော်” ကြီးသည် သီပေါမြို့  မြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီး၏ တောင်ဘက် ဘုရားပရ၀ုဏ်အတွင်း၌ တည်ရှိပါသည်။ ဆေးရုံတော်ကြီးကို စစ်ကိုင်းတောင်ရိုး သီတဂူ ကမ္ဘာဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် Dr. အရှင်ဥာဏိဿရ၏ လမ်းညွှန်သြ၀ါဒများဖြင့် တည်ဆောက် အကောင်အထည်ဖေါ်ခဲ့ပါသည်။
        သီတဂူဆရာတော်ကြီးမှ သီပေါမြို့သူ/သားများအား မြေနေရာနှင့် အဆောက်အဦးကိုသာ တာဝန်ယူစေပြီး မျက်စိဆေးရုံအတွက် လိုအပ်သော စက်ကရိယာ၊ ဆေးနှင့် ကျွမ်းကျင်ပညာရှင်များ၊ အခြားလိုအပ်သည်များကို ပံ့ပိုးကူညီခဲ့ပါသည်။
        ၂၀၀၇ ဖေဖေါ်ဝါရီလ ၁၉ရက်၊ တပေါင်းလပြည့်ကျော် ၁ရက်နေ့တွင် ဆရာတော် Dr. အရှင်ဦးဥာဏိဿရ ကိုယ်တော်တိုင် ကြွလာပြီး မြေနေရာအကွက်ချခြင်း၊ ပုံစံထုတ်ခြင်းနှင့် “ဒီပဒေါ ဟောတိ စက္ခုဒေါ” ဟူသော  စက္ခုဒါနတရားတော်ကို ဟောကြားခဲ့ပါသည်။
        ၂၀၀၇ မတ်လ ၁၉ရက် နေ့ တွင် မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာသိရီနှင့် မြို့ နယ်သံဃာနာယကဆရာတော်များ ဦးဆောင်ပြီး ၁၃၅ပေ×၆၀ပေ ရှိသော ဆေးရုံတော်ကြီးကို ခွဲစိပ်ခန်း၊ ပေါင်းတင်သန့် စင်ခန်း၊ ဆေးပေးခန်း၊ ဓာတ်ခွဲခန်း၊ မှတ်ပုံတင်ခန်း၊ လူနာဆောင်၊ လူနာနားနေဆောင် စသဖြင့် စနစ်တကျ အကွက်ချပြီး ပန္နက်တင် မင်္ဂလာကျင်းပခဲ့ပါသည်။ ၂၀၀၈ ဖေဖေါ်ဝါရီလ ၂၀ရက် နေ့တွင် ကျပ်သိန်း ၁၃၃၃သိန်းကျော် ကုန်ကျခံကာ ပြီးစီး၍ သီတဂူဆရာတော် Dr. အရှင်ဥာဏိဿရ ကိုယ်တိုင် ၂၀၀၈ မတ်လ ၂၂ရက် နေ့ တွင် စတင်ဖွင့်လှစ်၍ အခမဲ့ ဆေးကုသပေးခဲ့ပါသည်။
        သီတဂူဆရာတော်ကြီး၏သြ၀ါဒအတိုင်း ဖွင့်ပွဲနေ့ ပထမအကြိမ်ကုသခြင်းမှ ယခု(၁၅) အကြိမ် ထိလူနာပေါင်း(၇၈၅၅)ဦးအား စမ်းသပ်စစ်ဆေးပေး၍ (၁၅၆၃)ဦးကိုအောင်မြင်စွာ အခမဲ့ ကုသပေးနိုင် ခဲ့ပါသည်။
        ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ လားရှိုးနှင့် နိုင်ငံခြားမှ မျက်စိအထူးကု ဆရာဝန်ကြီးများကလည်း အခါအားလျော်စွာ အခမဲ့လာရောက် စမ်းသပ်ခွဲစိတ်ကာ ကုသိုလ်ယူကြပါသည်။ မန္တလေးမြို့ မှ မျက်မှန်ကျွမ်းကျင်ပညာရှင်များကလည်း အခမဲ့စမ်းသပ်၍ မျက်မှန်ပြုလုပ် ပေးလျက်ရှိပါသည်။ သီပေါမြို့ နှင့် ကျောက်မဲမြို့ မှ စေတနာရှင်ဝန်ထမ်းများကလည်း မျက်စိဆေးရုံတော် အတွက် လိုအပ်သည်များကို ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြပါသည်။
        မဟာမြတ်မုနိ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသိရီ ဦးဆောင်သော သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ အလှူရှင်များ၊ ဂေါပကအဖွဲ့ ဝင်များ၊ ရေကြည်တော်ဝတ်အသင်း၊ ကလျာဏယုဝတီဝတ်အသင်း၊ မြို့နယ်ဥပတ္ထမ္ပကအဖွဲ့ဝင်များ၊ ဆေးရုံတော်ကော်မတီ၊ အုပ်ချုပ်သူများနှင့် စေတနာဝန်ထမ်းများက ဆေးရုံတော်တိုးတက်တည်တံ့ ခိုင်မြဲရေး အတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
        ရပ်နီးရပ်ဝေးမှ လာရောက်၍ ဆေးကုသခံယူသော ဝေဒနာရှင်များမှလည်း ဆေးရုံတော်အတွက် အလှူငွေများ လှူဒါန်းကြပါသည်။ ဤမွန်မြတ်လှသော စက္ခုဒါန မျက်စိကုသိုလ်တော်လုပ်ငန်းကြီး ရေရှည်တည်တံခိုင်မြဲနိုင်ရေးနှင့် လူမျိုးဘာသာမရွေးစေတနာဖြင့် အခမဲ့ကုသနိုင်ရေး အတွက်စေတနာရှင်များမှ ငွေကြေး၊ ပညာအလှူ၊ လုပ်အားအလှူများ ကူညီဆောင်ရွက်နိုင်ပါသည်။
မှတ်ချက်
        ကုသမှုအစီအစဉ်တွင် လူတစ်ဦးလျှင် မြန်မာကျပ်ငွေ ရှစ်သောင်း မှ တစ်သိန်းထိ ကုန်ကျပါသည်။
ဆက်သွယ်ရန်လိပ်စာ-
                        ဦးပညာသိရီ (U Panna Siri)
                        မဟာမြတ်မုနိဘုရားကြီး
                        သီပေါမြို့
                        ရှမ်းပြည်နယ်မြောက်ပိုင်း
                        မြန်မာပြည်
                        ဖုန်း +၉၅-၈၂-၈၀၂၂၉ / +၉၅-၈၂-၈၀၄၉၁
                        Email address: panna.hsipaw@gmail.com
Next
Newer Post
Previous
This is the last post.
0 comments:
Post a Comment
Top